ဆီးချိုရောဂါ (Diabetes Mellitus) နှင့် ကျန်းမာရေးဆိုင်ရာ

ဆီးချိုရောဂါ (Diabetes Mellitus) နှင့် ကျန်းမာရေးဆိုင်ရာ

ဆီးချိုသွေးချိုဟု လူသိများကြသော ဆီးချိုရောဂါ (Diabetes Mellitus) သည် သွေးထဲတွင် သကြားဓာတ် (ဂလူးကို့စ်) မြင့်မားနေခြင်းမှ စတင်ကာ နောက်ပိုင်းတွင် ဆီးထဲ၌ပါ အချိုဓာတ်များ လိုက်ပါလာသော ရောဂါတစ်မျိုး ဖြစ်ပါသည်။ အချိန်ကြာလာသည်နှင့်အမျှ ဦးနှောက်၊ နှလုံး၊ ခြေလက်ရှိ အာရုံကြောများ၊ မျက်လုံးနှင့် ကျောက်ကပ်ကဲ့သို့သော အရေးကြီး အင်္ဂါအစိတ်အပိုင်းများကို ထိခိုက်ပျက်စီးစေနိုင်သည့် နာတာရှည်ရောဂါ ဖြစ်ပါသည်။

ကမ္ဘာ့အခြေအနေ (World Prevalence)

၂၀၁၀ ပြည့်နှစ်တွင် ကမ္ဘာတစ်ဝန်း၌ ဆီးချိုရောဂါ လူနာ ၂၈၅ သန်းခန့်ရှိခဲ့ပြီး၊ ၂၀၃၀ ပြည့်နှစ်တွင် ယင်းအရေအတွက်သည် နှစ်ဆအထိ တိုးလာနိုင်ကြောင်း စစ်တမ်းများအရ ခန့်မှန်းထားပါသည်။ ယခင်က ဖွံ့ဖြိုးပြီးနိုင်ငံများတွင်သာ အဖြစ်များခဲ့သော်လည်း၊ ယခုအခါတွင်မူ ဖွံ့ဖြိုးဆဲနိုင်ငံများ၌ပါ ရောဂါဖြစ်ပွားမှုနှုန်းများ မြင့်တက်လာသည်ကို တွေ့ရပါသည်။

ဆီးချိုရောဂါ ဖြစ်ပွားရခြင်း အကြောင်းရင်း

ဆီးချိုရောဂါ၏ အဓိက အကြောင်းရင်းမှာ ပန်ကရိယ (Pancreas) အင်္ဂါအစိတ်အပိုင်းမှ ခန္ဓာကိုယ်အတွက် လိုအပ်သော အင်ဆူလင် (Insulin) ဟော်မုန်းကို လုံလောက်စွာ ထုတ်လုပ်မပေးနိုင်ခြင်း သို့မဟုတ် ခန္ဓာကိုယ်က ထုတ်လုပ်ပြီးသော အင်ဆူလင်ကို ကောင်းစွာ အသုံးမပြုနိုင်တော့ခြင်းကြောင့် သွေးထဲတွင် သကြားဓာတ်များ စုပုံလာခြင်းကြောင့် ဖြစ်သည်။

အဓိက ဆီးချိုရောဂါ အမျိုးအစားများ

  • အမျိုးအစား (၁) ဆီးချိုရောဂါ (Type 1): ပန်ကရိယက အင်ဆူလင် လုံးဝမထုတ်လုပ်နိုင်ခြင်းဖြစ်ပြီး လူငယ်ပိုင်းတွင် အဖြစ်များသည်။
  • အမျိုးအစား (၂) ဆီးချိုရောဂါ (Type 2): အဝလွန်ခြင်းကြောင့် အင်ဆူလင်ကို ခန္ဓာကိုယ်က ကောင်းစွာ အသုံးမပြုနိုင်တော့ခြင်းဖြစ်ပြီး သက်လတ်ပိုင်းနှင့် သက်ကြီးပိုင်းများတွင် အဖြစ်များသည်။ (အဖြစ်အများဆုံး အမျိုးအစား)
  • ကိုယ်ဝန်ဆောင် ဆီးချိုရောဂါ (Gestational Diabetes): ကိုယ်ဝန်ဆောင်ချိန်တွင် ယာယီဖြစ်ပေါ်လေ့ရှိသော ဆီးချိုရောဂါ။

ရောဂါလက္ခဏာများ

အောက်ပါ လက္ခဏာများ ခံစားရပါက ဆီးချိုရောဂါ ရှိနေနိုင်သည်-

  • ပင်ပန်းနွမ်းနယ်ခြင်း
  • ပုံမှန်ထက် ရေအလွန်အကျွံငတ်ခြင်း
  • မကြာခဏ ဆီးသွားခြင်း (အထူးသဖြင့် ညဘက်)
  • ရုတ်တရက် ကိုယ်အလေးချိန် သိသိသာသာ ကျဆင်းသွားခြင်း
  • မကြာခဏ အနာဖြစ်ခြင်း၊ အနာကျက်ရန် အချိန်ကြာခြင်း
  • အမြင်အာရုံ လျော့ကျလာခြင်း
  • ဆီးသွားသည့်နေရာတွင် ပုရွက်ဆိတ်တက်ခြင်း (သို့မဟုတ်) ယားယံခြင်း

မည်သူများတွင် ပို၍အဖြစ်များသနည်း (Risk Factors)

အောက်ပါ အချက်များရှိသူများသည် ဆီးချိုရောဂါဖြစ်နိုင်ခြေ ပို၍မြင့်မားသည်-

  • အဝလွန်သူ သို့မဟုတ် ကိုယ်အလေးချိန် များသူ
  • ကိုယ်လက်လှုပ်ရှားမှု နည်းသူ
  • သွေးတိုးရောဂါ (Hypertension) ရှိသူ
  • အသက်အရွယ်ကြီးသူများ
  • မိသားစုထဲတွင် ဆီးချိုရောဂါ မျိုးရိုးရှိသူ

နောက်ဆက်တွဲ ဆိုးကျိုးများနှင့် ပြဿနာများ

ဆီးချိုရောဂါကို စနစ်တကျ မထိန်းချုပ်ပါက နောက်ဆက်တွဲ ဆိုးကျိုးများ (Complications) အနေဖြင့် အောက်ပါ ပြင်းထန်သော ရောဂါများ ဖြစ်ပေါ်လာနိုင်သည်။

  • မျက်စိပြဿနာများ: အမြင်အာရုံ ချို့ယွင်းခြင်း၊ မျက်စိကွယ်ခြင်း။
  • ကျောက်ကပ်ရောဂါ: ကျောက်ကပ်ပျက်စီးခြင်းနှင့် ကျောက်ကပ် အလုပ်မလုပ်နိုင်ခြင်း။
  • အာရုံကြောပျက်စီးမှု: ခြေထောက်များ ထုံကျဉ်ခြင်း၊ နာကျင်ခြင်း၊ ခြေထောက်ပုပ်ခြင်း (Gangrene)။
  • နှလုံးသွေးကြောဆိုင်ရာ ပြဿနာများ: နှလုံးသွေးကြောပိတ်ခြင်း။
  • ဦးနှောက်သွေးကြောဆိုင်ရာ ပြဿနာများ: ဦးနှောက်သွေးကြောပိတ်ကာ လေဖြတ်ခြင်း။

ကာကွယ်ခြင်းနှင့် ထိန်းချုပ်ကုသခြင်း

ကိုယ်ခန္ဓာမှ ပန်ကရိယကို အစားထိုးမလဲလှယ်နိုင်သရွေ့ ဆီးချိုရောဂါသည် လုံးဝပျောက်ကင်းမည်မဟုတ်ပါ။ သို့သော် ရောဂါမဖြစ်ခင်ကတည်းက အောက်ပါ လူနေမှုပုံစံ ပြောင်းလဲခြင်း နည်းလမ်းများဖြင့် အနည်းဆုံး ၅၀ ရာခိုင်နှုန်း အထိ ကြိုတင်ကာကွယ်နိုင်ပြီး၊ ဖြစ်ပွားပြီးနောက်တွင်လည်း ရောဂါကို ထိရောက်စွာ ထိန်းချုပ်နိုင်ပါသည်။

  • အမျှင်ဓာတ်များသော အစားအစာများ (Fiber-rich foods) များများစားခြင်း။
  • အာဟာရမျှတသော အစားအသောက် စားသုံးခြင်း။
  • ရေများများသောက်ခြင်း
  • ကိုယ်လက်လေ့ကျင့်ခန်းကို ပုံမှန်ပြုလုပ်ခြင်း။
  • အဝလွန်ခြင်း မဖြစ်စေရန် ကိုယ်အလေးချိန်ကို ထိန်းချုပ်ထားခြင်း။
  • စိတ်ဖိစီးမှု (Stress) ကို လျှော့ချပေးခြင်း။