မြင့်မားသော အပူချိန်နှင့် ကျန်းမာရေးဆိုင်ရာ သတိပြုဖွယ်ရာများ

မြင့်မားသော အပူချိန်နှင့် ကျန်းမာရေးဆိုင်ရာ သတိပြုဖွယ်ရာများ

မြင့်မားလွန်းသော အပူချိန်ကြောင့် လူအများစုမှာ ချွေးထွက်လွန်ပြီး အပူလျှပ်ခြင်း (Heat Stroke) အပြင်၊ အူရောင်ခြင်း (Gastroenteritis) ဟုခေါ်သော အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ရောဂါများလည်း အဖြစ်များလာပါသည်။ အူရောင်ခြင်း၏ လက္ခဏာများမှာ ဗိုက်အောင့်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်းနှင့် အဆက်မပြတ်အန်နေခြင်းတို့ ဖြစ်ပါသည်။

အထက်လှန်အောက်လျှောရောဂါ (Gastroenteritis) ဆိုသည်မှာ

အခုရက်ပိုင်းတွင် အဖြစ်များနေသည့် အထက်လှန်အောက်လျှောရောဂါသည် အစားအသောက် သို့မဟုတ် ရေမှတစ်ဆင့် ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသော ဘက်တီးရီးယား (Bacteria) သို့မဟုတ် ဗိုင်းရပ်စ် (Virus) များကြောင့် အူလမ်းကြောင်း တစ်လျှောက် ရောင်ရမ်းပြီး ဝမ်းလျှောခြင်းနှင့် ပျို့အန်ခြင်းတို့ကို ဖြစ်စေသည့် ရောဂါတစ်မျိုး ဖြစ်ပါသည်။

Shutterstock

အခြားရောဂါလက္ခဏာများ

  • ကိုယ်ပူဖျားခြင်း
  • အစားအသောက်ပျက်ခြင်း
  • ဗိုက်နာခြင်း၊ ဗိုက်အောင့်ခြင်း
  • ခြေလက်များ ညောင်းကိုက်ခြင်း
  • ခေါင်းကိုက်ခြင်း

ရောဂါဖြစ်ပွားလာပါက လုပ်ဆောင်ရမည့်အချက်များ

အထက်လှန်အောက်လျှောရောဂါ ဖြစ်ပွားလာပါက အောက်ပါအချက်များကို လိုက်နာ၍ ဂရုစိုက်သင့်ပါသည်။

  1. အနားယူခြင်းနှင့် အစားအသောက်:
    • အပင်ပန်းမခံဘဲ ကောင်းကောင်းအနားယူပါ။
    • အစာကြေလွယ်သည့် အစားအစာများ (ဥပမာ- ထမင်းပြုတ်၊ ဂျုံယာဂု) ကိုသာ ရွေးချယ်စားသုံးပါ။
  2. ရေဓာတ်ဖြည့်တင်းခြင်း (Rehydration):
    • ဝမ်းလျှောခြင်းနှင့် အန်ခြင်းကြောင့် ကုန်ဆုံးသွားသော ရေနှင့်ဆားဓာတ်ကို ပြန်လည်ဖြည့်တင်းနိုင်ရန် ဓာတ်ဆားရေ (ORS) များကို မကြာခဏ များများ သောက်ပေးပါ။
  3. ဆေးဝါးကုသမှု:
    • အထက်လှန်အောက်လျှောရောဂါသည် ဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားခြင်းက ပိုများသောကြောင့် မိမိသဘောနှင့် မိမိ ပိုးသတ်ဆေး (Antibiotics) သောက်သုံးခြင်းကို လုံးဝမပြုလုပ်သင့်ပါ။ ဆရာဝန်၏ ညွှန်ကြားချက်များဖြင့်သာ သောက်သုံးပါ။
  4. ကူးစက်မှု ကာကွယ်ခြင်း:
    • ရောဂါလက္ခဏာများ သက်သာပြီး (၄၈) နာရီ မပြည့်မချင်း ရောဂါသည် တခြားသူများကို ကူးစက်လွယ်သည်။
    • ရောဂါဖြစ်နေစဉ်အတွင်း အပြင်မသွားဘဲ အိမ်တွင်သာ နားနေသင့်ပြီး၊ လက်ကို ဆပ်ပြာဖြင့် မကြာခဏ ဆေးကြောပေးရပါမည်။

ဆေးရုံအမြန်ဆုံးပြသရမည့် အခြေအနေများ

အောက်ပါလက္ခဏာများ ဖြစ်ပေါ်လာပါက ရောဂါသည် ပြင်းထန်လာနိုင်သောကြောင့် နီးစပ်ရာ ဆရာဝန် သို့မဟုတ် ဆေးရုံသို့ အမြန်ဆုံး သွားရောက်ပြသပေးရပါမည်။

  • မူးဝေခြင်း သို့မဟုတ် သတိလစ်သကဲ့သို့ ဖြစ်လာခြင်း
  • ဝမ်းထဲတွင် သွေးပါလာခြင်း
  • ဆီးသွားခြင်း လုံးဝရပ်တန့်သွားခြင်း သို့မဟုတ် ဆီးနည်းခြင်း
  • အဖျား 38°C (100.4°F) ကျော်လွန်နေခြင်း

ကာကွယ်ခြင်း နည်းလမ်းများ

အထက်လှန်အောက်လျှောရောဂါမဖြစ်အောင် ကာကွယ်နိုင်ရန်အတွက် အောက်ပါတို့ကို လိုက်နာကျင့်သုံးပါ။

  1. အစားအသောက် သန့်ရှင်းလတ်ဆတ်မှု:
    • ပူပြင်းသော နွေရာသီတွင် အစားအစာများသည် လျင်မြန်စွာ ပုပ်သိုးလွယ်သောကြောင့် အစားအသောက်များ သန့်ရှင်းလတ်ဆတ်မှု ရှိမရှိ သေချာဂရုစိုက် ရွေးချယ်စားသုံးပါ။
    • ယင်နားစာများ၊ သက်တမ်းလွန် (Expiry Date ကျော်လွန်) သွားသည့် အစားအစာများကို လုံးဝမစားမိအောင် အထူးဂရုစိုက်ရပါမည်။
  2. သေချာစွာ ချက်ပြုတ်စားသုံးခြင်း:
    • အစားအစာများကို သေချာကျက်အောင် ချက်ပြုတ်ပြီးမှ ပူပူနွေးနွေး စားခြင်းကသာလျှင် အကောင်းဆုံး ဖြစ်ပါသည်။
  3. လက်သန့်ရှင်းရေး (Hand Hygiene):
    • လက်ကို မကြာခဏ ဆပ်ပြာဖြင့် စင်ကြယ်အောင် ဆေးပေးရန် လိုအပ်ပါသည်။
    • အထူးသဖြင့် အစားအစာများ မပြင်ဆင်မီ၊ အစာမစားမီနှင့် အိမ်သာတက်ပြီးချိန်များတွင် ပိုပြီး ဂရုစိုက် ဆေးကြောပေးရပါမည်။

အထက်ပါ အချက်အလက်များကို လိုက်နာကျင့်ဆောင်ခြင်းဖြင့် ရောဂါဖြစ်ပွားနေသူကို ဂရုတစိုက် စောင့်ရှောက်ပေးနိုင်မည့်အပြင် မိမိကိုယ်တိုင်၊ မိသားစုနှင့် မိတ်ဆွေများအတွက်ပါ အထက်လှန်အောက်လျှောရောဂါဘေးမှ ကာကွယ်နိုင်မည်ဖြစ်ပါသည်။